အားလုံး မင်္ဂလာပါ
ခြံကတော့ အကျယ်ကြီး မဟုတ်ပါဘူး။ တောင်ကြီးကနေ ၁၅ မိုင်ဝေးတဲ့ နောင်ကား မရောက်ခင် ဧကဝက်စာ ခြံလေးပါ။ ဒီမိုးဦးမှာ ထောပါတ်စိုက်ဖို့စိတ်ကူးထားပါတယ်။ တွက်ကြည့်တော့ ထောပါတ် အပင် ၃၀ (၁၈ပေ-၂၀ပေ ခြား) ဝင်မှာတွေ့ရလို့ အပင် ၃၀ လည်းကိုယ့်အတွက် မနည်းဘူးလို့ ထင်ပါတယ်။ အပင်တွေကို တညီထဲ ဖြစ်အောင်ကြိုးဆွဲပြီး မြေကျင်းတူးရမှာပါ။ ရှေ့ပိုင်းမှာပဲ ရေကန်ဆောက်လုပ်လို့ပြီးထားတာကို ကျွန်တော့်ပိုစ့်မှာ မြင်မိမယ်ထင်ပါတယ်။ ရေပေးဖို့အတွက်ကို ပိုက်နဲ့ တစ်ပင်ချင်း ရေအရောက်ပေးမှာ ဖြစ်ပါတယ်။ ပိုက်တွေကို မန္တလေးကမှာတာ မနေ့ကရောက်လာပြီဖြစ်ပါတယ်။
ပိုက်ကတော့ ၁၆ မီလီ နဲ့ ၂၅ မီလီပိုက်တွေဖြစ်ပါတယ်။ မော်တာကလည်း တစ်လက်မ အဝင် အထွက် ပိုက်ဆိုတော့ ၂၅ မီလီပိုက်ကို ရေကန်က အထွက်အတွက် သုံးမှာဖြစ်ပြီး အပင်တွေဆီကို ပြန်ခွဲထုတ်တဲ့ အချိန်မှာတော့ ၁၆ မီလီပိုက်တွေကို သုံးမှာဖြစ်ပါတယ်။ အပင် ၃၀ အတွက် ၁၅ပင် ကို ရေပိုက်လိုင်းတစ်လိုင်းဆွဲမှာဖြစ်ပါတယ်။ အောက်ပါပုံအတိုင်းပါ။ ကျွန်တော့်ရဲ့ GSM ဖုန်းနဲ့ ထိန်းမယ်ဆိုတဲ့ ပိုစ့်မှာတော့ ဖော်ပြပြီးဖြစ်ပါတယ် (https://ecency.com/hive-163521/@princekham/my-sms-controlled-water-supply-system)
မော်တာက နှစ်လုံးမှာပေမယ့် တစ်လုံးပဲရှိတာမို့ တစ်လုံးအရင်ယူထားပါတယ်။ ဆိုလာ+ဘက်ထရီနဲ့ တွဲသုံးမှာပါ။ နောက်ရက်မှ ဘက်ထရီအားနဲ့ဆိုရင် ရေအားဘယ်လောက်ရပြီး ရေဖြန်းခေါင်းဘယ်နှစ်ခေါင်းစာလုံလောက်မလဲ ဆိုတာကို စမ်းသပ်ရမှာဖြစ်ပါတယ်။ မော်တာတစ်လုံးကို ရေဖျန်းခေါင်း ၁၅ ခေါင်း ရည်ရွယ်ထားပေမယ့်လက်တွေ့မှာ အားနည်းနေရင်တော့ တစ်နည်းစဥ်းစားရမှာဖြစ်ပါတယ်။ အောက်ကတော့ ရေမော်တာနဲ့ ရေဖျန်းခေါင်းလေး ဖြစ်ပါတယ်။
ဒီလိုရေပိုက်နဲ့ ရေပေးခြင်းရဲ့အားသာချက်ကတော့ ပထမဆုံး အပင်တွေကိုရေ ပုံမှန်ပေးနိုင်မှာဖြစ်ပြီး ဒုတိယအနေနဲ့ ရေပေးနေတုန်းမှာပဲ မြေသြဇာရည်ကိုပါ တစ်ခါထဲ ထည့်လှောင်းနိုင်မှာဖြစ်ပါတယ်။
ရေဖျန်းခေါင်း အပေါက်လေးက သေးငယ်တာမို့ အပေါက်မပိတ်အောင် ရေစစ်လေးတွေတပ်ဆင်သွားမှာဖြစ်ပါတယ်။ တစ်လက်မပိုက်အတွက်ဖြစ်ပါတယ်။
ရေမော်တာ အဖွင့်အပိတ်အတွက်ကိုတော့ GSM က short message နဲ့ လုပ်သွားမှာဖြစ်ပါတယ်။ ပရိုဂရမ်အပိုင်းကိုစမ်းသပ်ပြီပါပြီ။ မော်တာနဲ့ ချိတ်ပြီး မောင်းစမ်းတဲ့ ဆားကစ်လေး ဆင်ဖို့ပဲလိုပါတယ်။ ကျွန်တော့်ရဲ့ ရှေ့ပိုစ့် မှာ အကျယ်တဝင့် ဖော်ပြထားပါတယ်။ https://ecency.com/hive-163521/@princekham/my-sms-controlled-water-supply-system
အဝီစိတွင်းရှိရင်တော့ ရေကန် ရေဖြည့်ဖို့အတွက် ပိုအဆင်ပြေပေမယ့် လောလောဆယ်တော့ ရှေ့ပိုင်းမှာတော့ ရေကားနဲ့ရေမှာ သုံးဖို့ စိတ်ကူးထားပါသေးတယ်။
လောလောဆယ်တော့ စိုက်ခင်းအတွက် ဒီလိုမျိုးလေးတွေစဥ်းစားထားပေမယ့် နောက်ပိုင်း လိုအပ်ရင် လိုအပ်သလို ပြောင်းလဲ လုပ်ကိုင်ဖြစ်မှာ ဖြစ်ပါတယ်။ နောင်ကားဘက်က ထောပတ်ခြံတွေမှာ အသီးသီးရင် ခိုးယူတဲ့သူရှိတယ်လို့လဲ ကြားထားတာမို့ ဒီ့အတွက် ဘယ်လို ဖြေရှင်းမလဲ ဆိုတာကိုလည်း စဥ်းစားထားရပါတယ်။ စိန်ခေါ်မှုတွေကတော့ရှိနေမှာပါပဲ၊ ကျွန်တော်တို့ ပညာတွေသင်ယူထားတာ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းဖို့ မဟုတ်ပါလား ခင်ဗျာ။
အားလုံးကျန်းမာ ချမ်းသာကြပါစေ။
@princekham
15th Jan 2024
Myanmar