အားလုံး မင်္ဂလာပါ
နှစ်သစ်မှာ ကံထူးတာတစ်ခုက FB ပေါ်က မိတ်ဆွေတစ်ယောက် မဲဖောက်ပေးတာကနေ Crystal ကျောက်ကလေး လက်ဆောင်ရတာပါပဲ။ ဒီကျောက်လေးကို Gratitude stone အနေနဲ့ အသုံးပြုမှာဖြစ်ပါတယ်။ Gratitude stone ဆိုတာကတော့ ကျေးဇူးတရား vibration တွေကို သိမ်းထားပေးမယ့် ကျောက်တုံးလေးဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ခံစားချက်တွေဟာ တုန်ခါမှု (vibration) အနေနဲ့ ရှိတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ဟာ ကောင်းတဲ့ ခံစားချက်တုန်ခါမှုတွေ (good vibes) လိုအပ်ပါတယ်။ ဒီ ကောင်းတဲ့ တုန်ခါမှု လှိုင်းတွေဟာ ကျွန်တော်တို့ကို ပျော်ရွင်မှု ကို ပေးနိုင်တဲ့အပြင် စိတ်ဖိစီးတာကိုလျော့စေနိုင်ပြီး ကိုယ်တွင်းကိုယ်ခံအားကိုလည်း ကောင်းစေတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ နေ့စဥ်ဘဝမှာ ဒီလို ကောင်းတဲ့ တုန်ခါမှုလှိုင်းတွေလိုအပ်ပါတယ်။
ကျေးဇူးတရားကို ဘာကြောင်းရွေးရတာလဲ
ကျွန်တော်တို့ ပျော်ရွင်မှု၊ စိတ်အားထက်သန်မှု၊ ကျေးဇူးတရားသိမှု၊ စတဲ့ ကောင်းတဲ့ တုန်ခါမှု ခံစားချက်တွေထဲက ဘာကြောင့် ကျေးဇူးတရားကို ရွေးချယ်သလဲဆိုတော့ ကျေးဇူးတရားကို ဘယ်အချိန်ဖြစ်ဖြစ် ပွားများနိုင်တာကြောင့်မို့ ဆိုပါတယ်။ အခက်အခဲနဲ့ကြုံတဲ့အချိန် မှာလည်း ကျေးဇူးတရားကို ပွားနိုင်သလို၊ ပျော်ရွင်တဲ့ အချိန်မှာလဲ ကျေးဇူးတရားကို အောက်မေ့လို့ရပါတယ်။
ကျေးဇူးတရားတွေစုမယ်
အပေါ်က gratitude stone ဆိုတာက ကျွန်တော့်ရဲ့ ကျေးဇူးတရား တုန်ခါမှုတွေကို စုထားမယ့် နေရာလေးပါ။ မနက် အိပ်ယာနိုးချိန်မှာ ဖြစ်ဖြစ် ည အိပ်ယာ မဝင်ခင်မှာ ဖြစ်ဖြစ် ဒီ ကျောက်လေး ကို ညာဘက်လက်မှာ ဆုပ်ကိုင်ထားပြီး ကိုယ်ကျေးဇူးတင်တဲ့ အရာ ၁၀ ခု (ကျွန်တော်တော့ များများ အောက်မေ့တတ်ဖို့ ကြိုးစားရပါဦးမည်။) ပွားများရမှာဖြစ်ပါတယ်။ ဥပမာ - ကျွန်တော် ဒီနေ့ မိတ်ဆွေသစ်တွေရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီနေ့ရဲ့ စားသောက်ဖွယ်ရာတွေအတွက် ကျေးဇူးတင်ပါတယ်၊ စသည်ဖြင့် ကိုယ်ကျေးဇူးတင်တဲ့ အရာတွေကို အောက်မေ့ပြီး စိတ်ထဲမှာ လေးလေးနက်နက် ကျေးဇူးတင်ရပါတယ်။
စုထားတာတွေကနေ ပြန်သုံးမယ်
အပေါ်က ပြောခဲ့သလို နေ့တိုင်းကျေးဇူးတရားတွေကို စုနိုင်သလောက်စုရပါမယ်။ တကယ်လို့ အခက်အခဲကြုံရင် ဒီ gratitude stone လေးကို ကိုယ့်ရဲ့ ဘယ်ဘက်လက်မှာ ကိုင်ပြီး အကူအညီ တောင်းနိုင်တယ်လို့ဆိုပါတယ်။
Gratitude stone လေး ဘယ်လို ပြင်ဆင်မလဲ
ကျွန်တော်လက်ဆောင်ရတဲ့ ကျောက်ကတော့ သလင်းဖြူလို့ ဆိုပါတယ်။ တခြား ဘယ်ကျောက်ဖြစ်ဖြစ် gratitude stone အနေနဲ့ သုံးနိုင်ပါတယ်။ ကျွန်တော်တို့ သုံးမယ့် ကျောက်တုံးကို ရွေးပြီးရင်တော့ ပထမဆုံး ရေနဲ့ သန့်စင်အောင်ဆေးပြီး ၊ ရေမွေးရှိရင် ရေမွေး နဲ့ ဆွတ်နိုင်ပါတယ်၊ ဒါမှမဟုတ် အမွေးတိုင် ထွန်းပေးနိုင်တယ်ဆိုပါတယ်။ ပြီးတော့ ကျောက်တုန်းလေးကို ဂီတနဲ့ အားသွင်းပါတယ်။ Youtube မှာရှာနိုင်ပါတယ်။ အောက်ကတော့ ကျွန်တော်အားသွင်းခဲ့တဲ့ ဂီတလေး ဖြစ်ပါတယ်။
source : Youtube
ဂီတနဲ့ အားသွင်းပြီးရင် ကျောက်တုံးလေးကို ဘယ်ဘက်လက်ထဲမှာထည့် ညာဘက်လက်နဲ့ အုပ်ထားပြီး တရားထိုင်ရပါတယ်။ ကျွန်တော်တော့ အာနာပါန ခဏ ရှုပါတယ်။ ပြီးတော့ ဒီကျောက်တုံးလေးကနေ ထွက်လာတဲ့ ရောင်ခြည် အဝန်းအဝိုင်းက ကိုယ့်ကို လွမ်းခြုံသွားတယ်လို့ စိတ်ထဲမှာ မြင်ယောင်ရပါတယ်။ ဒီလို လွမ်းခြုံသွားပြီလို့ မြင်ရင် ကျွန်တော်တို့ ကျောက်တုံးကလေး ကို gratitude stone အနေနဲ့ ပြင်ဆင်တာ ပြီးပြီမို့ အပေါ်က ကျွန်တော်ပြောခဲ့တဲ့အတိုင်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ကျေးဇူးတရားတွေစုပြီး ကောင်းတဲ့ တုန်ခါမှု လှိုင်းလေးတွေ ဖန်တီးကြရအောင်လား။
အားလုံးကျန်းမာ ချမ်းသာကြပါစေ။
@princekham
8th Jan 2024
Myanmar