ယနေ့တနင်္ဂနွေနေ့သည် သုံးဆယ့်နှစ်ကြိမ်မြောက်
အမှိုက်ကောက်ခြင်းဖြစ်သည်။ အိမ်ခြံဝင်းဘေးရှိ
အမှိုက်များကိုကောက်သည်။ ခြံဘေးမြောင်း
အတွင်းရှိ အမှိုက်များကိုလည်း ကောက်သည်။
ပတ်ဝန်းကျင်ရှိ အမှိုက်များကို ကောက်ယူ၍
ပစ်လိုက်သဖြင့် သန့်ရှင်းသွားသည်။
ကျွန်တော်တို့အနီးပတ်ဝန်းကျင်မှာရှိသော
အမှိုက်လို လူများကိုလည်း သန့်ရှင်း၍
ရပါလျှင် ကောင်းလေးစွ။
ပတ်ဝန်းကျင်၊ ရပ်ကွက်၊ မြို့ ၊ ရွာများနှင့်
နိုင်ငံအတွင်းမှာရှိသော အမှိုက်လိုလူများ
ကို သန့်ရှင်း၍ ရပါလျှင် အတော်ကို
ကောင်းမွန်သွားပေမည်။ အမှိုက်လို လူ
တွေများလာပါရင် အမှိုက်လူပုံကြီး
ဖြစ်လာမည်။
အမှိုက်များက မြို့ရွာများကို အရုပ်ဆိုးစေသည်။
အထူးသဖြင့် မြို့ရွာမျာ၏ အဝင်နှင့် အထွက်
များတွင် အမှိုက်ပုံများရှိနေသည်ကို မြင်တွေ့ရပါမူ
အတော်ဆိုးသည့် မြင်ကွင်းဖြစ်စေသည်။
အထူးသဖြင့် ထိုအမှိုက်ပုံများတွင် အများဆုံး
တွေ့ရသည်က ကြွတ်ကြွတ်အိတ်များပင်
ဖြစ်သည်။
ကျွန်တော်က ထိုကြွတ်ကြွတ်အိတ်များကို
တွေ့ရပါမူ မျက်စိထဲ အမြင်မတော်ချင်ပေ။
ဈေးသွားသည့်အခါ ကြွတ်ကြွတ်အိတ်ကို
အတတ်နိုင်ဆုံး ဈေးသည်များထံမှ မယူပါ။
ဈေးခြင်ထောင်ထဲသို့ ဝယ်ယူပစ္စည်းကို
ထဲ့လိုရသလောက် ထဲ့သည်။
အလွယ်တကူ သယ်ယူရသော
ကြွတ်ကြွတ်အိတ်များက မည်သောအခါမှ
ပျောက်ဆုံးမည်မသိပေ။ မြေပြင်၊ ဝေဟင်မှာ
တလွင့်လွင့် မင်းမူနေသော ထိုကြွတ်ကြွတ်အိတ်
များကို တတ်နိုင်သလောက်တော့
ကောက်ယူ၍ အမှိုက်ပုံးမှာ ပစ်ရပေသည်။
ပြန်သုံး၍ ရသလောက် ပြန်သုံးရပေအုံးမည်။
@htwegyi
June 23, 2024