အခြေအနေတွေက ဘာတွေ ဆက်ဖြစ်လာမယ် မသိရသေးပေ။ ပိုဆိုးလာမှာကတော့ အမှန်ပင်။ တဖက်က ပြန်လှည့်တွေးရရင် အဆိုးတွေ ပြီးရင် အကောင်းတွေ လာတတ်၊ လာနိုင်သည် မလား။ အရိပ် မလာခင် နေပူကစောင့် ဆိုပေမယ့် ခုက တော်တော်လေး ပူနေခဲ့ပြီ။ မရေမတွက်နိုင်သည့် နေဝင်ညတွေလည်း ဖြတ်ကျော်ခဲ့ရပြီးပြီ။ ခုထိတော့ ရောင်နီ နေ့သစ် မမြင်ရသေးပေ။ နို့ပေမယ့် အာရုဏ်ဦး အရိပ်အရောင်လေးတော့ မြင်နေရပါပြီလေ။
သန်းခေါင်ထက်တော့ ညဉ့်မနက် ဆိုပေမယ့်လည်း တရစ်ထက် တရစ် တိုးတိုးလာသည့် ကြိုးတွေကတော့ ပိုလို့ ပိုလို့ အသက်ရှူကြပ် စေသည်က အမှန်ပင်။ အပူသည်ချင်း အတူတူကိုမှ ငါကတော့ နည်းနည်း အေးသေးပါရဲ့ဟု ရသေ့စိတ်ဖြေရင်း ဖြတ်သန်းနေရ၏။ အပူရုပ်ကို ဟန်လုပ်ရင်းပေါ့။
ဒီကာလကြီးမှာ လုပ်နိုင်တာ လုပ်ပေးရင်း ပျော်အောင် စိတ်သက်သာရာ ရအောင် နေနေခဲ့၏။ ကျနော်တို့ သူငယ်ချင်း တသိုက်ရဲ့ စိတ်ပျော်ရာကား Futsal ဖြစ်ချေ၏။ ငဗစ်တွေ ငစစ်တွေ မတိုင်ခင် ကတည်းက အစဉ်အဆက် ကန်လာခဲ့တာ ခုဆို ၇ နှစ်၊ ၈ နှစ်လောက် ရှိတော့မည်။ Cygnus FC ဆိုပြီး ခေါင်းစဉ်လေး သတ်မှတ်လို့ ကန်ခဲ့တာတော့ ပြီးခဲ့သော February (7) ရက် က ၆ နှစ် ပြည့်ခဲ့ပြီ ဖြစ်၏။
ခေတ်ကောင်း စဉ်ကတော့ တပတ်ကို နှစ်ရက် ည ၇ နာရီတိုင်း သူငယ်ချင်းတွေ အတူ ပျော်ပျော်ပါးပါး ကစားကြ၏။ စိတ်ထွက်ပေါက် အနားယူစရာကလည်း ဒါပဲ ရှိသည်ကိုး။ တချို့ သူငယ်ချင်းတွေနဲ့က မကြာခဏ ဆုံကြရပေမယ့် တချို့ သူငယ်ချင်းတွေနဲ့က Futsal ကန်မှသာ ဆုံရ၏။ ထို့ကြောင့်ပင် အဆိုပါ Futsal ကန်ရက်လေးကို အားလုံးက အလေးထားကြ၏။ ကန်သည့် အချိန်ကလည်း လုပ်ငန်း တာဝန်တွေ ဘာတွေ ပြီးချိန်ဆိုတော့ အဆင်ပြေ၏။ တော်ရုံ ကျန်းမာရေး အခြေအနေ၊ မိသားစုကိစ္စ ဘာညာ ရှိမှသာ မလာဖြစ်တာမျိုး ရှိ၏။
ငဗစ် အလွန်မှာတော့ ၇ နာရီအစား ၆ နာရီပြောင်းကန်ကြ၏။ အဆင်ပြေတဲ့သူက အဆင်ပြေတဲ့ရက် လာကန်၊ မလာဖြစ်တဲ့ရက်လည်း မလာဖြစ်နဲ့ သူ့ဟာနဲ့သူတော့ ပုံမှန်လေး ကန်ဖြစ် ကစားဖြစ်၏။ ထိုသို့ နေလာရင်းက ပြီးခဲ့သော ရက်ပိုင်းက ထုတ်လိုက်သည့် အမိန့်ကြောင့် တနိုင်ငံလုံး အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြ၏။ ကျနော်တို့လည်း Futsal ကစားခြင်းကို ခဏ ရပ်နားလိုက်ရ၏။ အခြေအနေတွေက ဘာမှန်းမသိဘူးကိုး။ ကောလဟာလတွေ သတင်းမှန်တွေကြား ဗြာတွေများနေရတော့၏။
ကိုယ်တွေထက် ပိုဆိုးသည့် သူတွေမှ အများကြီးရယ်။ တနိုင်ငံလုံး ကြက်သေ သေကုန်သည့် အဖြစ်ပင်။ ဆိုးနေတာကတော့ 2021 ကတည်းကပင် နို့ပေမယ့် ခုကတော့ ပိုလို့ပင် ဆိုးသွားရပြီ။ လမ်းစ ရေးရေး ရှိသူတွေ လမ်းပျောက်၊ လမ်းပျောက်နေသူတွေက မှောင်အတိကျနဲ့ တနိုင်ငံလုံး အတိုင်းအတာနှင့် လမ်းတွေ ပျောက်ကွယ် ဝေဝါးကုန်တော့၏။
နဂိုက အနာဂတ် ဝေဝါးနေသည့် တိုင်းပြည် အဖို့ ခုဆို အနာဂတ်ပင် ပျောက်တော့မလားပင်။ လူငယ်ဟာ တိုင်းပြည် အနာဂတ် လို့ သတ်မှတ်ကြသည် မဟုတ်လား။ ခုတော့ အနာဂတ်တွေ အနာဂတ်မဲ့မယ့် အခြေအနေနှင့် ကြုံနေရပြီ။ ထို့ကြောင့် ဒီတကြိမ်မှာတော့ အားလုံးပဲ ယခင်ထက် ပိုစည်းလုံးကြဖို့ လိုပြီ ဖြစ်၏။ နောက်ဆုံး နွံမှ လွတ်ဖို့ အတူ အားစိုက်ပြီး ရုန်းကြရအောင်လား။