ယနေ့ တနင်္ဂနွေနေ့ ခြံအပြင် အမှိုက်ကောက်ဖို့
တွန့်ဆုတ်မိသည်။ အဘယ်ကြောင့်ဆိုသော်
နေ့လယ်ခင်း နေပူရှိန်ကြီးကြောင့်
ဖြစ်ပေသည်။ တော်သလင်းလ၏ နေပူရှိန်
အောက်မှာ အမှိုက်ကောက်ရင်း ပုံရိုက်ကာ Cleanplanet မှာ
ပိုစ့်တင်ရန်အတွက်ဖြစ်သည်။
ယခုအပတ်က လေးဆယ့်တစ်ကြိမ်မြောက်
အမှိုက်ကောက်ယူခြင်းဖြစ်သည်။
ပူပြင်းလိုက်သည့်နေ လေတိုက်ပါမှ အနည်းငယ်
အပူသက်သာသည်။ ခြံဝင်းအတွင်း လေကမဝင်
လေမတိုက် ထိုကြောင့် ခြံအပြင်ထွက်၍
အပင်ရဲ့ အရိပ်အောက် ခဏဝင်ခိုသည်။
လေအဝှေ့ အပင်အရိပ်နှင့် အေးမြသွားသည်။
နွေနေပူပင် မဟုတ်သေး တော်သလင်းနေ၏
အပူက အတော်ပူသည်။ မိုးရွာတော့ ရေကြီး။
နေပူတော့ အမလေး တ။
စာဆိုပင်ရှိသည်
"တော်သလင်းနေ ပုစွန်သေ"
"တော်သလင်းငါး ခွေးမစား"
တော်သလင်းနေ ပုစွန်သေ ဆိုသည်က
တော်သလင်းလ၏ နေက ပူပြင်း၍ ပုစွန်
များသေကြသည်။ ထိုနည်းတူ ငါးများလည်း
သေကြသည်ဟုထင်ပါသည်။ အင်း သို့ပေသိ
ခွေးမစား ငါး ဆိုပေသိ ကိုယ်တွေတော့ ငါးကို
ဈေးပေါပေါဖြင့်ပင် ဝယ်မစားရပေ။
ပုစွန်ဆိုသည်က ဝေးရော့။ ကိုယ်သိသည့်
ပုစွန်က ပင်လယ်ပုစွန်ဖြစ်ပြီး ဈေးကြီး၍
ကိုယ်နဲ့ အဝေးသို့ရောက်နေသော ပုစွန်
ဖြစ်သည်။
တော်သလင်းနေ ပုစွန်သေ ဆိုသည့် အနှီး
ပုစွန်က ကျွန်တော်တို့အညာမှ လယ်ကန်သင်း
များရှိ ပုစွန်လုံးများကို ပြောသည်ဟုထင်မိသည်။
ကျွန်တော်ခြံအတွင်းရှိ လက်မနှစ်ခုပါသော
မြေတွင်းအောင်း ပုစွန်လုံးများကို ပြောခြင်း
ဖြစ်ပေမည်။ ထိုပုစွန်လုံးများကတော့
ပင်လယ်ပုစွန်ထက်ပေါသည်။ ကျောက်ဆည်
အနီး ရွှေသိမ်တော်ဘုရားမှာ ထိုပုစွန်လုံးများကို
မုန့်နှစ်ဖြင့် ကပ်၍ ကြော်ရောင်းသည်။
ပူပူနွေးနွေးဆိုပါရင် စား၍ ကောင်းလှသည်။
သို့ပေသိ ပုစွန်ကြော် ရက်ကျန်များဖြစ်ပါမူ
စားရသည်မှာ မကောင်းပါ။ ဘုရားသို့
အခါကြီးရက်များတွင် လူအများလာသဖြင့်
ရောင်းကောင်းသည်။ ထိုအခါ ရက်ကျန်များပါ
အကုန်ပြောင်းရှင်းသွားသည်။ အခါရက်များ၏
နောက်ပိုင်း သွားရောက်ပါက လတ်လတ်ဆတ်ဆတ်
ကြော်ထားသည်များကို အများအားဖြင့် တွေ့ရသည်။
ကျောက်ဆည် ရွှေသိမ်တော်နီးတူ ပြင်ဦးလွင်
ပဲစိမ်းကြော်များလည်း ထိုနည်းလည်ကောင်းပါပေ။
Image Credit.
အင်း ကိုယ်တွေလည်း အမှိုက်ကောင်ပိုစ့်တင်ရင်း
လမ်းကြောင်းများ ပြောင်းသွားသည်။
ပလပ်စတစ်အမှိုက်များ၏ ရာဇဝင်ကတော့
ယခုနှင့် နောင်အခါ မည်သို့ ရှိမည်မသိ။
ပင်လယ်သမုဒ္ဒရာမှာရှိ သော ပလပ်စတစ်
အမှိုက်များတွင် ကိုယ်တွေနိုင်ငံသည် အခြားသော
နိုင်ငံများထက် အနိုင်မခံ၊ အရှုံးမပေးပါချေ။
ကောင်းသောနေရာမဟုတ်၊ မကောင်းသော
ဖက်မှ အများနည်းတူ လိုက်နိုင်သော
နိုင်ငံကြီးပါလေ။
@htwegyi
September 22, 2024