ယနေ့ပိုစ့်တင်ရမည့်ရက်ဖြစ်သည်။
ကျွန်တော်က တရက်ခြားပိုစ့်တင်သည်။
တနေ့က တနင်္ဂနွေနေ့ အမှိုက်ကောက်သည့်
ပိုစ့်တင်ပြီးဖြစ်သည်။ ယနေ့ အင်္ဂါ မှာ
ပိုစ့်တင်ရမည်။ ပိုစ့်တင်ဖို့ မေ့ကာ Facebook
မှ သတင်းများသွား၍ ဖတ်နေသည်။
ယခုတလော သတင်းများက ထူးသဖြင့်
အချိန်နဲ့အမျှ ဖတ်နေရသည်။ သတင်းထူးများကလည်း
အချိန်နဲ့အမျှ တက်လာသည်။
ကျွန်တော်တို့ ရွှေမန္တလေးကြီးနဲ့ နီးကပ်လာပါသော
တော်လှန်ရေးကြီးက ရင်ခုန်စရာကောင်းနေသည်။
ဝုန်းဒိုင်းဖြင့် ရောက်ရှိလာပါမူ မည်သို့လုပ်ရမည်
မသိပါ။အနောက်ပြေးရမလား၊ တောင်ပြေးရမလား။
မည်သည့်အရပ်သို့ ပြေးရမည်မသိသေးပေ။
တနေ့က မိတ်ဆွေအိမ်သို့ အလည်သွားစဉ်
တောင်ပေါ်ဒေသမှ ရောက်ရှိလာသော ကား
သုံးလေးစီး တွေ့ရသည်။
ထိုကားများတွင် ရွှံ့ မြေနီများ ပေကျံနေသည်ကို
တွေ့ရသည်။ ကားနံပါတ်များက ရှမ်းပြည်မှ
ဖြစ်သည်။ ကားရှိသူတို့က ကားများဖြင့်
စစ်ဘေးရှောင်ကြသည်။ ကားမရှိသူများအဖို့
မည်သို့ ပြုမူရှာကြမည်မသိပေ။ ထို ကားမရှိသူ
များအတွက် စိတ်ထဲမှ တွေး၍ ပူပန်းမိသည်။
ကိုယ်တွေနဲ့ ဘဝတူများဖြစ်၍ မည်သို့ နေရှာ
ကြမည်ကို တွေး၍ စိတ်မကောင်းဖြစ်ရသည်။
ကိုယ်တွေအလှည့်လည်း ဘယ်တော့ရောက်မည်
မသိရပေ။ အသက်ကိုးဆယ်အရွယ် လေးဖြန်းနေသော
အမေအိုနှင့် မည်သို့ ခရီးဆက်ရပေမည်မသိပေ။
ရောက်မှသာ ရောက်ပေတော့။ ဖြစ်သမျှ
အကြောင်း အကောင်းဟု တွေးကာ ရှေ့ဆက်
ကြရမည်သာ။ ကိုယ်တွေအရပ် ရောက်ပါမူ
ပြေးစရာ လမ်းကြောင်းများ ပေါသည်ဟု
တွေးရပါသည်။
အခြားသူတွေ စစ်ဘေးရှောင်ကြသည့်အခါ
လမ်းကြောင်းများပိတ်မိနေသည်ဟု သိရသည်။
ကိုယ်တွေအရပ်ကတော့ အလယ်ပိုင်းဒေသဖြစ်၍
မြောက်မှာဖြစ်က တောင်သို့ ပြေးရမည်။
အရှေ့မှာ ဖြစ်ပါက အနောက်သို့ ပြေး၍
ရသည်ဟု ကိုယ်ဖာသာ ရှာကြံတွေးကာ
လမ်းကြောင်းရှာထားသည်။ လက်တွေ့
ရောက်ရှိလာပါမူ မည်သို့ဖြစ်လာမည် မသိပေ။
အလှည့်ကျ နွဲ့လို့ မရဘူးကွာ ဆိုပေမင့်
လူမမယ် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို
ရှိသူများအဖို့ ခက်ခဲကြရပေမည်။
မြေဇာပင်တွေ အဖို့ နင်းခြေခံဘဝတွေပင်။
အသေအပျောက်နည်း
အပျက်အစီးနည်းဖြင့်
အောင်ပွဲဆင်နိုင်ကြပါစေကြောင်း
ဆုတောင်းခြင်းဖြင့်သာ။
@htwegyi
July 16, 2024