မျက်လုံးက ယခုတလော ကြည့်မကောင်းပေ။
မျက်ရည်ကျသည်။ ဘယ်ဘက်မှ မျက်လုံးက
ဖုန်ဝင်သလို အောင့်တောင့်တောင့်ဖြစ်သည်။
တခါတရံ မျက်လုံးက ယားသည်။ မျက်စိဆရာဝန်
ထံ သွားမပြသည်မှာလည်း အတော်ကြာပြီဖြစ်သည်။
Facebook မှ မျက်လုံးနှင့်ပတ်သက်၍ ဗဟုသုတ
ရှာဖွေတင်ဆက်ပေးသော။ မျက်လုံးပရဟိတ
မိန်းကလေး၏ ပြောကြားချက်အရ မျက်လုံးကို
ရေနွေး နွေးနွေးဖြင့် အုပ်ပေးကာ။ မျက်လုံးကို
ဆေးကြောသည့် မျက်စဉ်းခတ်ပါဟုပြောသဖြင့်
ပြုလုပ်ကြည့်ရာ အဆင်ပြေသည်။
Steemit မှသည် Hive သို့ ပြောင်းလဲလာခဲ့သည်။
ထိုပြောင်းလဲလာသည်မှ ယခုထိ စာရေးပိုစ့်တင်
ခဲ့သည်။ ဖုန်းစခရင် အကြည့်များသည်လည်း
ပါပေသည်။ မျက်စိလည်း အဘယ်ခံနိုင်ပါမည်နည်း။
Hive မှာ တင်ဖို့ ပိုစ့်ရေး၊ စာဖတ်ခြင်း၊ အခြား
မီဒီယာများကြည့်ခြင်း၊ ဗီဒီယိုများပင် မကြည့်မိအောင်
နေရသည်။ ဒါတောင် တနေ့က ကုလားကား
တကားကြည့်မိသေးသည်။ ကုလားကားကလည်း
ကောင်းဆို ပြည့်တန်ဆာကား နာမည်ကြီးကား။
ဂန်ဂူဘိုင် ဇာတ်ကားဖြစ်သည်။

တနေ့က အိမ်မှာ တာယာပွကြီး၏ တာယာရေကန်
ကို ဝယ်ရန်လာမေးသည်။ လာမေးသူက
ကျူးမှာနေသည့် အမျိုးသမီးဖြစ်သည်။
သူလာမေးတော့ သောက်ရမ်း တာယာပွကြီးက
မရှိပေ။ ဒီတော့ အမျိုးသမီးကို ရေကန်လုပ်သူက
အပြင်သွားနေကြောင်း၊ ဈေးနှုန်းလည်းမသိ၍
သူလာမှ အကြောင်းပြန်မည်ဟု ပြောလိုက်ရသည်။
နောက်တနေ့ ထိုအမျိုးသမီးက ထပ်လာသည်။
သူမ လာတော့ သောက်ရမ်းပွကြီးရှိသည်။

ဈေးစကားပြောဆိုပြီး ရေကန်တလုံးယူမည်
နောက်နေ့ လာယူမည်ဟု ပြောကာပြန်သွားသည်။
အဲ့မှာ တာယာပွကြီးက ရေကန်လုပ်ရန်
သံရိုက်ရန် သံ လိုနေသည်။ ထိုကြောင့် သံကို
ကျွန်တော်သွားဝယ်သည်။ ညနေစောင်းပြီဖြစ်၍
သံရောင်းသည့် ဆိုင်ကပိတ်သွားသည်။ မနက်စောစောမှာ
သံကို ထပ်မံ သွားဝယ်သည်။
ဆိုင်က မဖွင့်သေးပေ။ မနက် ရှစ်နာရီခွဲကျော်မှ
သွားဝယ်သည့်အခါ ရရှိသည်။
သံဝယ်ပြီး၍ တာယာပွကြီးက ရေကန်ကို အပြီးသတ်ရိုက်သည်။ ရေကန်ကြီးပြီးသွားသည် ဝယ်ယူသည့်
အမျိုးသမီးက မပေါ်လာပေ။ နောက်တနေ့မှာ မိုးများ
ရွာချလာသည်။ ပွကြီးက သူ့ရေကန်ကြီး ရေလုံ မလုံ
ရေစမ်းရန်အတွက် အိမ်တံစက်မြိတ်အောက်မှာ
ချထားသည်။ မိုးက ကောင်းချက် ရေကန်ကြီး
ရေပြည့်သွားသည်။ ရေကန်မှ မိုးရေများကိုပင်
အသုံးပြုရသည်။ ရေကန်ကြီးပြီးသွားသည်မှာ
ယနေ့ဆိုပါမူ သုံးရက်မြောက်ရှိပေသည်။

သုံးရက်ကျော်သည်အထိ ရေကန်ဝယ်သူ
အမျိုးသမီးက ပေါ်မလာပေ။ အမေက စိတ်ဆိုးကာ
ထိုအမျိုးသမီးကို တွေ့ပါမူ ထ ရိုက်မည်ဟုပြောသည်။
လေဖြန်းသော အမေက စိတ်ကြီးသည်။ အမေ
စိတ်တိုလည်း တိုစရာပင် ထိုရေကန်ပြုလုပ်ဖို့
သံဝယ်ယူသော ကျွန်တော်သည် သုံးကြိမ်မြောက်
သွားဝယ်ယူရသောကြောင့် ဖြစ်ပေသည်။
ယခုတော့ ထိုမရောင်းရသေးသော တာယာရေကန်ကြီးက Shadow Hunter ပုံများရရှိ၍ ဓာတ်ပုံရိုက်ကာ
ပိုစ့်တင်လိုက်သည်။ Shadow Hunter
Community မှာတော့ အင်္ဂလိပ်စာမဟုတ်၍
မတင်နိုင်ပေ။ ကိုယ့်ရဲ့ Hive Myanmar Community
မှာသာ တင်လိုက်ရပေတော့သည်။
@htwegyi
August 29, 2025
