တနေ့က အိမ်မှာ မုန့်လုပ်စားသည်။
ထိုမုန့်က ရာဇဝင် ရှိသည်။ မုန့်အမည်က
မုန့်ကြာလိပ်ဖြစ်သည်။ ကျွန်တော်တို့ငယ်စဉ်က
အမေသည် မုန့်ကြာလိပ် ကို ရောင်းချခဲ့သည်။
မုန့်ကြာလိပ် ကို အမေက အမြဲတမ်းရောင်းချ
ခဲ့သည်မဟုတ်ပါ။ တန်ဆောင်မုန်း၊ သီးတင်းကျွတ်
လများမှာ ပြုလုပ်ရောင်းချခဲ့သည်။ အထူးသဖြင့်
တန်ဆောင်မုန်းလ ကထိန်ရာသီမှာ ရောင်းသည်။
ကျွန်တော်တို့နေသည့်အရပ်က မန္တလေး 78 လမ်းမ
ပေါ်ဖြစ်သည်။ ထိုလမ်းမကြီးပေါ်မှာ မီးရထားဌာန
နှင့် လျှပ်စစ်ဌာနများရှိသည်။ တန်ဆောင်မုန်းလ
ကထိန်ရာသီရောက်ပါလျှင် အမေက မုန့်ပြား
သလက်နှင့် မုန့်ကြာလိပ် တို့ကို ရောင်းချသည်။
လျှပ်စစ်ဌာနမှ ပြုလုပ်သော ကထိန်ပွဲကို
အမေက မုန့်အမြဲရောင်းချတတ်သည်။
ကျွန်တော်တို့ ငယ်စဉ်က ဌာနဆိုင်ရာ ရုံးကထိန်
များသည် အပြိုင်အဆိုင် ပြုလုပ်ကြသည်။
အငြိမ့်ပွဲများ၊ ခြင်းလုံးပြိုင်ပွဲများနှင့် ပိတ်ကားထောင်
ရုပ်ရှင်များဖြင့် အပြိုင်အဆိုင် ဧည့်ခံဖျော်ဖြေ
ကြသည်။ ကထိန်ပွဲမရောက်မီကပင် တရားပွဲ
များလည်းကျင်းပကြသည်။ ဌာနဆိုင်ရာ ကထိန်ပွဲ
တခုကို လေးငါးခြောက်ရက်ခန့်ကြာပေသည်။
ကထိန်ပွဲရာသီရောက်ပါလျှင် ကျွန်တော်တို့
ကလေးတသိုက်မှာ ပျော်မဆုံး မော်မဆုံးပါ။
ဌာနဆိုင်ရာများက ကထိန်ပွဲမှာ ထမင်းဟင်း
ကျွေးခြင်း၊ ကြာဇံချက်နှင့် မုန့်ဟင်းခါးများ
ကျွေးမွေးဧည့်ခံခြင်းများလည်း ပါရှိသည်။
ဒီတော့ ငယ်စဉ်က တန်ဆောင်မုန်း ကထိန်
ပွဲရာသီများက ကျွန်တော်တို့ ငယ်ဘဝအတွက်
မေ့မရနိုင်သော ပွဲတော်တခုဖြစ်ပေသည်။
ကလေးဘဝ ဗိုက်ကားအောင် စားရသည့်
အပြင် ပျော်ပွဲရွှင်ပွဲများပါကြည့်ရသည်။
အမေက မုန့်များပါရောင်းသဖြင့် ဘာပြော
ကောင်းမလဲဆိုသလိုပါ။ တန်ဆောင်မုန်းလ
ရောက်ခါနီးပြီဆိုပါရင် အမေသည် သူရဲ့
မုန့်အိုးကင်းလေးများကို သန့်ရှင်းရေးပြုလုပ်
သည်။ ကျွန်တော်အကိုအကြီးဆုံးက အရွယ်ရောက်
လာတော့ အမေ့ကို မုန့်မရောင်းရန်ပြောသည်။
"ငါ့သားနဲ့ မုန့်ရောင်းတာ ရှက်စရာမဟုတ်ပါဘူး
ကွယ်။ ဝင်ငွေလည်းရ၊ ဗဟုသုတလည်းရ၊
ပွဲလည်းကြည့်ရတော့ အပျင်းလည်းပြေတာပ။
နောက်ပြီး ဟော့ဒီ ကထိန်ရာသီရောက်ပြီဆိုရင်
မုန့်ရောင်းနေကျဆိုတော့ မရောင်းရရင်
ဟာတာတာကြီးနဲ့ တမျိုးကြီးဖြစ်တာကွဲ့"
အခုတော့ အမေသည် အသက်ကြီး၍
သူရောင်းခဲ့သော မုန့်များကို သတိရသဖြင့်
ကျွန်တော့်အမကို လုပ်ကျွေးခိုင်းခြင်းဖြစ်ပါသည်။
အမလုပ်သော မုန့်ကြာလိပ်က အိုးကင်းအသစ်
ဖြစ်၍ မုန့်ဖင်က မုန်းချိုး(ဂျိုး) ကပ်၍မဲနေသည်။
ကောင်းညှင့်မှုန့်ကို အရည်ဖျော်၍ ထန်းလျှက်
မြေပဲထောင်ပြီး မုန့်အတွင်းထည့်ရသည်။
မုန့်ပြားသလက်ပုံစံ မုန့်အပြားထဲသို့
အစာထဲ့ကာ မုန့်ကို ခေါက်လိုက်ရသည်။
ထိုသို့လုပ်သည့်မုန့်ကို မုန့်ကြာလိပ်ဟုခေါ်ပါသည်။
@htwegyi
January 29, 2025