ကျန်းမာရေး
စကားသုံးလုံးပေမို့သာ။
အထူးဂရုစိုက်ကြရမည်။ သာမန်မေ့လျှော့ကာ
နေကြသည်။ စားနိုင်၊ သွားနိုင်၊ သုံးနိုင်၊
ဖြုန်းနိုင်တုန်း ဆိုတော့ သူ့ကို မေ့ထားသည်။
ဗြုန်းကနဲ့ သူနဲ့တွေ့မှ ခြေမကိုင်မိ၊ လက်မကိုင်မိ
ဖြစ်ကြရသူက အများသား။
လူ့ခန္ဓာကိုယ်တခုလုံးမှာ မည်သည့်နေရာက
ဖြစ်ဖြစ် ကျန်းမာရေး မကောင်းပါလျှင်
နေ့စဉ်လှုပ်ရှားသွားလာမှုအတွက် အခက်အခဲ
ဖြစ်စေသည်။ ခန္ဓာကိုယ်တခုလုံး ကြံ့ခိုင်သန်မာ
ဖျတ်လတ်၊ ပေါ့ပါးမှ လုပ်ငန်းဆောင်တာများ
လုပ်ဆောင်သည့်အခါ သွက်လက်ပေမည်။
ယခုအခါ အသက်အရွယ်မရွေး ထို ကျန်းမာရေး
ဆိုသည်အရာက လာရောက် မိတ်ဆက်နေပေသည်။
ယနေ့ခေတ် နေထိုင်စားသောက်မှုပုံစံများကလည်း
ထိုကျန်းမာရေးကို အထူးပြုစေသည်။ အရွယ်မရွေး
ဟုဆိုရာတွင် အသက်အရွယ်ကြီးသူများ အဖို့
ကျန်းမာရေးနှင့်ပို၍ ထိတွေ့မှု နီးကပ်စေသည်။
ကျွန်တော့်အမေက အသက်ကိုးဆယ်သို့ ချည်းကပ်
လာသည်။ တလောက အမေ့မျက်စိ နီရဲပြီး
ကိုက်လာ၍ မျက်စိဆေးခန်းသွားပြရသည်။
အမေ့မျက်စိမှာ ပိုးဝင်သွားသည်ဟု ပြောသည်။
ပိုးဝင်သွားသောမျက်စိကို ကုသဖို့ စိတ်ရှည်ရမည်။
အမြင်အာရုံက ပြန်ရရှိဖို့ မသေချာဟုပြောသည်။
အမေ့မျက်စိကို အလုံးကြီးအလိုက် ခွဲမထုတ်
ရေးအတွက် ဆေးကုသရမည်ဖြစ်သည်။
ထိုကြောင့် မျက်စိဆရာဝန်ပြောသော
ရက်ချိန်များအတိုင်း မှန်မှန်သွားရောက်
ပြသ၊ ကုသရလေသည်။ 15-1-2024 ရက်နေ့
မှစတင်၍ ပထမအကြိမ် မျက်စိဆရာဝန်နှင့်
ပြသသည်။
ထိုမှ စ၍ တပတ်ခြား၊ နှစ်ပတ်ခြား၊ သုံးပတ်ခြား
ကာ မျက်စိဆရာဝန်ထံ ပြသရသည်။
ဆရာဝန်နှင့် ပြသနေစဉ်ပင် အမေ့မျက်စိမှ
ကိုက်ခဲ၊ နာကျင်မှုများဖြစ်ပေါ်သည်။
ငါးလကျော်သည့်အခါ အမေ့မျက်စိက အနည်းငယ်
သက်သာကာ မျက်စိ အနီရောင်မှ အနည်းငယ်
အရောင်လျော့လာသည်။
ယနေ့ ခုနှစ်ကြိမ်မြောက် ဆရာဝန်ထံပြသ
ရာမှာ ကိုက်ခဲ၊ နာကျင်မှု မရှိတော့ပါက
လာရောက်ပြသရန် မလိုတော့ဟု ပြောသည်။
ခြောက်လအကြာ ခုနှစ်ကြိမ်မြောက်
မျက်စိဆရာဝန်ထံ ပြသခဲ့သော အမေသည်
ဆရာဝန်က ပြသရန် မလိုဟု ပြောစကားကြောင့်
အောက်ပါအတိုင်း ပြုံးပြီးပြောပါသည်။
"တော်သေးဟေ့၊ ငါက ဆရာဝန်က
နောင်ထပ်လာခိုင်းအုံးမလားလို့ စိတ်ပူမိတာ။
အခု မလာနဲ့တော့လို့ပြောတော့
ဝမ်းသာသွားပြီ။ လက်ဖက်ရည်ဆိုင်ဝင်ပြီး
လက်ဖက်ရည်နဲ့ မုန့်ဝင်ဝယ်ကြဟေ့"
@htwegyi
June 18, 2024