ဘာတွေ ဆက်ဖြစ်လာမည်တော့ မသိသေးပေ။ လက်ရှိ အခြေအနေ ရုပ်အား စိတ်အားဖြင့်ကော ထွေထူး ပိုကောင်း၊ ပိုဆိုးသွားတာမျိုး မရှိပေ။ မပျော်ရတာကြာတော့ ပျော်ရွှင်ခြင်းဆိုတာ ဘာလဲလို့ပင် ပြန်မေး ယူရသည် အထိပင်။ ည မထွက်ရ အမိန့် မရှိ၊ မထုတ်ထားပေမယ့် ည ၈ နာရီနောက်ပိုင်းဆို လမ်းတွေက တိတ်ဆိတ်ခြောက်ကပ်သွားတော့၏။ လမ်းတွေတင် မက ဆိုင်တွေမှာလည်း လူသူ ကင်းမဲ့သွား၏။ Night life တွေ သက်ဝင်မှု မရှိတော့ပေ။
ပီဘိ မြို့ကြီး ပြကြီးပါဟ ဟု ပြောယူရမည်ထင်။ ခုဟာက နေဝင်မိုးချုပ် တံခါးပိတ်၊ မီးခိုးလည်းတိတ်နှင့် ရွာငယ်ဇနပုဒ် တခု အလားနှယ်။ ဘာမှန်း မသိသည့် စိုးထိတ်စရာတွေ ဝန်းရံအုပ်မိုးထားသည့် လေထုကြီးစိုးနေသည့် အရပ်ဒေသတခု အဖြစ်သို့ ရုတ်ခြည်း ပြောင်းလဲသွားခဲ့၏။
ညဘက် ညဘက် လမ်းသလားလေ့ ရှိသော လူငယ်များလည်း အိမ်မှာပဲ အနေမြဲနေတော့၏။ မနေလို့လည်း မရဘူးကိုး။ အိမ်ထဲမှာ နေနေရင်တောင် လုံခြုံပါသည်ဟု ပြောမရသည့် အခြေအနေမလား။ ဘာလုပ်ကြမလဲ ဆိုသည့် မေးခွန်းတွေ အတွေးတွေက လူငယ်တွေ ရင်ထဲမှာတင်မက မိဘတွေ၏ စိတ်ထဲထိ ထိုးဖောက် ဝင်ရောက်လို့ နေရာယူနေလေတော့၏။ အိပ်မရသည့် ညတွေ များသထက်များ တိုးသထက် တိုးလို့ လာနေခဲ့ပြီ။
အရာရာက ကန့်သတ်မှုတွေ တဖြည်းဖြည်း ပိုလို့တိုးလာခဲ့၏။ လျှပ်စစ်မီး အကန့်အသတ်၊ သွားလာခွင့် အကန့်အသတ်၊ လွတ်လပ်ခွင့် မရှိ၊ အသက်တွေ အကန့်အသတ်မဲ့နှင့် ဖြစ်နေခဲ့တာ ကြာပြီ။ အဆိုးတွေ ပြီးရင် အကောင်းလာလိမ့်မည်ဟု ဆိုကြရင် အဆိုးတွေက ခုထိ မကုန်သေးဘူးလားကွာဟု အော်ဟစ် မိမည်ထင်။ လူတို့၏ စိုးရိမ် ပူပန်မှုကို စွမ်းအင် တခုအဖြစ်သို့ ပြောင်းလိုက်နိုင်ပါက စွမ်းအင် ရင်းမြစ် အကြီးစားကြီး တခု ရလာမည် ထင်၏။
မြန်မာပြည်က လူများကို ပြည်သူတွေအစား အပူသည်တွေဟုပင် ပြောင်းခေါ်ရတော့မည် ထင်၏။ သူ့ကြည့်လည်း အပူ၊ ကိုယ့်ကို ပြန်ကြည့်လည်း အပူတွေနဲ့။ အပူရုပ်ကို ဟန်လုပ်ဖုံးကွယ်ရင်းက နေ့ရက်တွေကို ကြိုးစားအားတင်း ဖြတ်သန်းနေရတာ တကယ် မလွယ်လှပေ။ ရောင်နီနေ့သစ်က ဝေးလွန်းလှပါတကား။ အမှောင်နေ့ရက်ပေါင်း မည်မျှကို ထပ်မံ ကျော်ဖြတ်ရဦးမည်နည်း။