ကျနော်တို့ဆီမှာ နွေနှင့် မီးပျက်ခြင်းက မိတ်ဖက်တွေ ဖြစ်ချေ၏။ အမှန်တော့ နွေမှရယ် မဟုတ် မိုးနှင့်ဆောင်းမှာလည်း မီးက မှန်သည် မဟုတ်ပေ။ ခုကာလမှာ ပိုဆိုး၏။ ယခင့် ယခင်တုန်းကတော့ နှစ်အတော်ကြာကြာ လျှပ်စစ်မီးတွေ မှန်၏။ ဘယ်သူ့ လက်ထက်မှာလည်း ဆိုတာကတော့ အများကြီး ပြောနေစရာ လိုမည် မထင်ပေ။ နိုင်ငံတခု တိုးတက်ဖွံဖြိုးရေးအတွက် လျှပ်စစ်မီးသည် အဓိကကြသည့် အခန်းကဏ္ဌမှာ ပါဝင်သည် မဟုတ်လား။
ဒီကာလကြီးမှာ မီး မှန်မှန်လာဖို့က မဖြစ်နိုင်သည်ြ ကိစ္စပင်။ ပျက်ချိန်လည်း ပျက်၊ လာချိန်လည်း ပျက်ကတော့ မှန်မှန် ဖြစ်နေမည့် ကိစ္စပင်။ ရှေ့ရှောက်လည်း မီးက ပိုပြီး ပျက်ဖို့သာ ရှိ၏။ တတ်နိုင်သူတွေကတော့ ဆိုလာစွမ်းအင်ကို အရံ ဓါတ်အားပေး စနစ် အဖြစ်သော်လည်းကောင်း၊ အဓိက ဓါတ်အားပေး စနစ် အဖြစ်သော်လည်းကောင်း အသုံးပြုကြ၏။ ဆိုလာ စနစ်က ကောင်းတာမှန်ပေမယ့် စရိတ်စကကတော့ ကြီး၏။ လက်ရှိ မြန်မာ့ ငွေဈေးနဲ့ဆိုရင် ပိုလို့ပင် ဆိုးဦးမည်။
လျှပ်စစ်မီး ရှိမှသာ လုပ်ငန်း လုပ်လို့ရမည့်သူတွေအဖို့ မီးမမှန်ခြင်းက အင်မတန်မှ အခက်တွေ့စေ၏။ ဆိုလာ ဘာညာ ဆင်နိုင်သည့် လုပ်ငန်းရှင်မျိုးဆိုထား၊ မဆင်နိုင်သည့် သာမန် အသေးစား လုပ်ငန်းလေးတွေဆို ပသို့နေမည်နည်း။
မြန်မာနိုင်ငံသားများကို စာရွက်နဲ့ ဘောပင် ချပေးပြီး သင့်လက်ရှိ အခြေအနေအကြောင်း စာစီကုံးပါဟု ရေးခိုင်းကြည့်ပါက reality M drama series ရိုက်လို့ရသည့် ဇာတ်လမ်းတွေ အများကြီး ရလာပေလိမ့်မည်။
နွေက ပူ၏။ သို့ပေမယ့် ပြည်သူတို့၏ အပူက ပိုပူ၏။ ကုန်ဈေးနှုန်း မြင့်မားမှုကလည်း ရေနစ်သူ ဝါးကူလို့ ထိုးနေသည့် အလားပင်။ သူ့ ကိုယ် မကယ်နိုင်၊ ကိုယ်က သူ့ မကြည့်နိုင် အခြေအနေကြီးက အတော်ဆိုးလှ၏။
အဆိုးသံသရာက လောလောဆယ် ဆုံးဦးမည် မဟုတ်ပေ။ လောင်စာ ကုန်ခါနီး အနေအထားအဖြစ်နဲ့ အစွမ်းကုန် တောက်လောင် ဒုက္ခ ပေး ပေလိမ့်ဦးမည်။ အဆိုးပြီးရင် အကောင်း လာမယ် ဆိုပေမယ့် အဆိုးပြီးရင် အဆိုးပဲ ထပ်နေသေး၏။ အဆိုးဆုံးတွေ ကျော်လွန်ပြီးရင်တော့ အကောင်းတွေ လာတန်ကောင်းပါရဲ့။
အားလုံးပဲ ဘဝအမောတွေ အမြန်ဆုံး ငြိမ်းအေး နိုင်ကြပါစေ။