ဒီနေ့ ဘာရေးရင် ကောင်းမလဲ ဆိုပြီး တွေးနေတာ မနက်ခင်း ကတည်းကပင်။ အိပ်ရာ နိုးကတည်းကစလို့ တွေးလာတာ နေ့ခင်း ၂ နာရီထိုးချိန်ထိ ဘာရေးရင် ကောင်းမယ်ဆိုတာ အဖြေ မထွက်လာပေ။ ဘာရေးရင် ကောင်းမလဲ တွေးတုန်း ရှိသေး မိုးက ဆိုင်းမဆင့် ဗုံမဆင့် ရွာချလာလေတော့၏။ သင်္ကြန်မိုးတော့ မဟုတ်တန်သေး။ မိုးလေဝသ ပညာရှင်တွေ ပြောထားသည့် အချိန်အခါ မဟုတ် ရွာသည့် မိုး ဖြစ်မည်။
ပူအိုက်နေသည့် အချိန် မိုးရွာသည်မို့ အပူ သက်သာပေမယ့် အချိန်အခါ မဟုတ် ရွာသည့်မိုး ဖြစ်နေတော့ စိုက်ခင်း သီးနှံများအတွက်တော့ အဆင်ပြေမည် မထင်ပေ။ မိုးရွာပြီး နာရီပိုင်းလောက် အကြာမှာတော့ မီးပျက်သွားခဲ့၏။ လာတာမှ မကြာသေး၊ ခု ထပြန် လေ၏။ ဖင်ပူအောင် မပြောနဲ့ ဖင်နွေးအောင်ပင် မနေသွားသည့် မီး ဖြစ်၏။
မိုးက မိုးပြေး မဟုတ်ဘဲ သဲသဲမဲမဲ ရွာနေ၏။ မိုးက မိုးပြေး မဟုတ်ပေမယ့် မီးကတော့ မီးပြေး ဖြစ်သွားခဲ့၏။ စာမေးပွဲကာလတွေတုန်းကတော့ တော်တော်ကြာကြာလေး မီးလာ၏။ စာမေးပွဲတွေလည်း ပြီးရော အရင်လို အရင်အတိုင်း မလာတလှည့် ပျက်တလှည့် ပြန်ဖြစ်ပြီ ထင်၏။ မြန်မာ နိုင်ငံမှာ လူဖြစ်ရတာ အတော်လေး ကောင်းလှပေ၏။ ခုလို ဒုက္ခ ဆင်းရဲ ခံရဖို့ ဘယ်ဘဝကများ အကုသိုလ်တွေ လုပ်ခဲ့မိပါလိမ့်။
စာရေးနေရင်းက မိုးက ပိုပိုလို့ သဲလာခဲ့၏။ မသိရင် မိုးတွင်း ကာလကြီးလိုပင်။ ခဏ တဖြုတ်ဆို အပူလျော့ သက်သာပေမယ့် အကြာကြီး ရွာတော့ အနည်းငယ် အေးလို့ လာ၏။ ခုလိုကြီး ရွာနေပြန်တော့လည်း အကြောင်းကြောင်းကြောင့် ရှောင်တိမ်းနေရသူတွေကို စိတ်ပူရပြန်၏။
ကိုယ်တွေ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအဖို့ သူ့ကြည့်လည်း ဒုက္ခ၊ ကိုယ့်ကြည့်လည်း ဒုက္ခ တွေနှင့်။ ပို ဒုက္ခ များသူနဲ့ နည်းသူ ဆိုပြီးတော့သာ ကွာသွားမယ်။ အားလုံးက ကိုယ်စီ ဒုက္ခ တွေနှင့်ပင်။ အဆိုးတွေကို ဖြတ်ကျော်နိုင်ခဲ့ကြ၏။ ခုက အဆိုးထက် ပိုဆိုးသည့် အခြေအနေ ထင်ပါရဲ့။ အမှောင်တကာ့ အမှောင်ဆုံး နေ့တွေ ပြီးရင်တော့ လင်းတန်ကောင်းပါရဲ့။
ရွှေပြည်တော် မျှော်တိုင်း မဝေးဘဲ ရောင်နီ နေ့သစ် အမြန်ဆုံး ရောက်လာနိုင်ပါစေ။ အားလုံး အတူ ရှေ့ဆက်ကြရအောင်။