တနေ့က ရေးထားသည့် Matrixx OS 10.2 ကို မနေ့ တနေ့က တင်ကြည့်၏။ တရက်သာ သုံးကြည့်ပြီး မနေ့ကတော့ နဂို သုံးနေသည့် Rising OS ကိုပဲ ပြန် တင်လိုက်၏။ Matrixx ကတော့ Android 14 ဖြစ်၏။ Rising ကတော့ Android 13 ဖြစ်၏။ အကြမ်းအားဖြင့် update တွေက ကောင်းသည်ဟု ပြောလို့ရ၏။ ဒါပေမယ့် update တွေ အားလုံးက အလုံးစုံ ကောင်းသည်ဟု ယတိပြတ် ပြောမရပေ။ တချို့ app တွေ update ရပြီး တင်ပြီးမှ သုံးလို့ မကောင်း၊ အဆင် မပြေတာမျိုးတွေလည်း ရှိတတ်၊ ကြုံတတ်ရသေး၏။
ခု Matrixx ကလည်း ထိုအတိုင်းပင်။ ခုမှ သူ့ကို စသုံးသူ ဆိုရင်တော့ ကြိုက်ကောင်းကြိုက်၊ အဆင်ပြေကောင်း ပြေလိမ့်မည်။ ကျနော်လည်း သဘောကျပါ၏။ ဒါပေမယ့် Rising OS ကို ပိုပြီး သဘောကျမိ၏။ customize ပိုင်းမှာက Rising OS က feature ပိုပြီး စုံ၏။ lockscreen fingerprint animation က စလိုပေါ့။ Rising OS မှာက ရွေးစရာတွေ အများကြီး ပါပေမယ့် Matrixx မှာက ဘာမှ ရွေးစရာ မပါပေ။ တမျိုးထဲသော ဒီဇိုင်း၊ တမျိုးထဲသော ပုံစံသာ ရှိ၏။
System fonts အနေဖြင့် နှစ်ခု စလုံးမှာ အများကြီး ပါပေမယ့် ကျနော် စွဲစွဲမြဲမြဲ သုံးလေ့ရှိသည့် Ubuntu font က Matrixx မှာ ပါပြီး Rising မှာ မပါပေ။ အရင် Rising သုံးနေတုန်းကလည်း Magisk ကနေ Ubuntu font ကို flash ပြီး သုံး၏။ Quick setting panel မှာထည့်သည့် header image အနေဖြင့်လည်း Rising မှာ ပုံတွေ အများကြီး ပါပြီး Matrixx မှာက ပါသည် ဆိုရုံလောက် ၄၊ ၅၊ ၁၀ ပုံ လောက်လေးရယ်သာ။
ထိုအချက်တွေကို မျက်ကွယ်ပြု လက်ခံကာ Matrixx ကိုပဲ ဆက်သုံးကြည့်ဖို့ တွေးထားလိုက်၏။ Android 14 က ကျနော့်ကို စွဲဆောင်နေသည်ကိုး။ Update လေ Update မလား။ နို့ပေမယ့် အဆိုပါ update ကနေ ပြန်ဆင်းဖို့ အကြောင်းဖန်လာခဲ့၏။ ပြစ်ချက် အများကြီး မဟုတ်ပေ။ တခုထဲရယ်ပါ။ ထို တခုကလည်း တော်တော် အဆင်မပြေသည့် တခု ဖြစ်၏။ video playback error ဖြစ်၏။
Facebook, YouTube တို့ကနေ Video ကြည့်ပါက စကြည့်ပြီး စက္ကန့် အနည်းငယ်ကြာမှာ ရုပ်ကရပ်သွား၏။ ဒါပေမယ့် အသံနဲ့ time frame ကတော့ ဆက်ပြီး သွားနေ၏။ pass, play နှိပ်လည်း မရပေ။ ၄၊ ၅ စက္ကန့်လောက် ကျော်မှပဲ ရ၏။ YouTube မှာကော၊ Facebook မှာကော ဖြစ်၏။ YouTube အကြည့်များသည့် ကျနော့် အတွက် ထို error က အတော် ဆိုးလှ၏။
ကိုယ်တယောက်ထဲ ဖြစ်တာလား ဆိုပြီး Group ထဲ သွားကြည့်တော့ မဟုတ်၊ Android 14 တင်ထားသူ တော်တော်များများ ဖြစ်ကြ၏။ Evolution X rom မှာလည်း ဖြစ်သည် ဆို၏။ နောက် update မှာ ထို error ကို ပြင်ပေးမလားတော့ မသိပေ။ update က ဘယ်အချိန်မှ လာမယ်မှန်း မသိနေတာနဲ့ပဲ Android 13 သို့သာ ပြန် ဆင်းလိုက်တော့၏။ ဒီနှစ်ရက် သုံးရက်အတွင်း ROM နှစ်ခု ပြောင်းပြီး အလုပ် ရှုပ်သွားတာပဲ အဖတ်တက်သွားတော့၏။ Data တွေ ဘာတွေကလည်း ပြန်သွင်းရသေး၏။ စာရေးဖို့ အကြောင်းအရာ ရတာပေါ့ဟု ရှာကြံ ဖြည့်တွေးရုံပေါ့။