ဒီရက်ပိုင်း ရာသီဥတုက ပိုပိုအေးလာ၏။ ဒီဇင်ဘာထက် ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေက ပိုပြီး အေးသလိုလို ရှိ၏။ လွန်ခဲ့သော ဆယ်စုနှစ်လောက်တုန်းကတော့ ဒီဇင်ဘာက အအေးဆုံးဟု ဆိုလို့ရပေမယ့်။ ဒီနှစ်အပိုင်းအခြားတွေ မှာတော့ ထိုသို့ မဟုတ်တော့ပေ။ မထင်ရင် မထင်သလို ထထပြီး ဖြတ်သည့် အအေးလှိုင်းကလည်း ရှိသေး၏။ နွေရာသီမှာ အအေးလှိုင်း ဖြတ်တာကမှ တော်ဦးမည်။ ခုက ဆောင်းတွင်းကြီးကို အအေးလှိုင်းက ထပ်ဖြတ်လိုက်သေးဆိုတော့ နှစ်ခါပြန် နှစ်ဆ အေးကြရတော့၏။
အအေးကြိုက်သည့် မိမိတောင် ယခုဆောင်းကို အနည်းငယ် ငြိုငြင်ချင်လာ သလိုလိုပင်။ တော်ရုံပဲအေးလေ နော့်။ အင်း အိမ်နှင့် အိပ်ရာ၊ အနွေးထူတွေနှင့် ကိုယ်တွေတောင် ဒီလိုတွေ ဖြစ်နေရင် စစ်ဘေးရှောင်နေရသော ညီနောင်သားချင်းတွေဆို မည်သို့များ နေမည်နည်း။ ကိုယ်ချင်းစာ မိ၏။ ဒါပေမယ့် ကိုယ် လုပ်ပေးနိုင်သည့် အရာကလည်း နည်းသား။ ဆုတောင်း မေတ္တာပို့ခြင်းကိုတော့ မပြတ် လုပ်ဖြစ်ပါ၏။
ရုတ်တရက် ရာသီဥတုက ထအေးကုန်တော့ ကောက်ခါငင်ကာ ထဖျားသူတွေလည်း ရှိလာခဲ့၏။ ကိုယ်တွေ သူငယ်ချင်း၊ ကိုယ်တွေ Futsal အသင်းထဲမှာကို သုံး၊ လေး၊ ငါး ယောက်လောက် ဖျားနာကြ၏။ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ကဆို Futsal လာကန်သူ နည်းသဖြင့် ကွင်းက ညီလေးတွေကိုပါ ခေါ်ပြီး ကန် (ကစား) ရသည် အထိပင်။ ကိုယ်တွေ အသင်းကလည်း အဲ့လိုပါဆို၊ လူတွေ များပြန်ရင်လည်း ၄ သင်းစာလောက် ရှိတတ်ပြီး နည်းသွားပြန်ရင်လည်း ၂ သင်းစာတောင် အနိုင်နိုင်ရယ်။
ဘောလုံး ပိုစ့်တွေပဲ အရေးများနေတော့ ကိုယ်ရဲ့ တနေ့တာ၊ ကိုယ့် futsal အသင်း အကြောင်းတောင် သိပ်ပြီး မပြော ဖြစ်၊ မရေး ဖြစ်နေပေ။ ဒီနေ့တော့ ဘောလုံး အကြောင်း ရေးရမှာ ပျင်းနေတာနဲ့ ဘာရယ် မဟုတ် တောင်တောင်အီအီ ရောက်တက်ရာရာ အတွေးတွေ အကြောင်း လာချပြနေမိခြင်း ဖြစ်၏။ တချိန်မှာ ယခင်လို ပြန်ပြီး ရေးနိုင်တန် ကောင်းပါရဲ့။ ခုတော့ ဟိုလိုလို ဒီလိုလိုပေါ့။
နက်ဖြန်တော့ ပရီးမီးယားလိဂ် ပွဲများ ရှိသဖြင့် ဘောလုံးပွဲ အကြောင်း ပြန်ရေး ဖြစ်ပေလိမ့်မည်။ သူက တခြားဟာထက်စာရင် အရေးရ သက်သာသည်ကိုး။ ပျင်းလို့ မရေးတာနဲ့၊ ရေးပြန်တော့ သက်သာတဲ့ဟာလေးတဲ့။ အတော် အပျင်းထူတဲ့ကောင်။
မနက်အစောက စကားသည့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲမှာတော့ ဘာစီလိုနာက အိုဆာဆူနာကို ၂-၀ ဖြင့် အနိုင်ရသွား၏။ ဗိုလ်လုပွဲမှာ ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာတို့ တွေ့ဆုံကြတော့မည် ဖြစ်၏။ စပိန်ဒါဘီပွဲပေါ့လေ။ ပွဲကောင်းတွေက တောက်လျောက်ဆက်နေ၏။ ရာသီဥတုက အေးလာသဖြင့် ညနက်သန်းခေါင်ပွဲတွေဆို သိပ်မကြည့် ဖြစ်တော့ပေ။ စောင်ခြုံပြီး ကြည့်လို့ ရပေမယ့်လည်း သိပ်တော့ အဆင်မပြေလှပေ။ မည်သို့ပင် ဆိုစေကာမူ ရာသီဥတုအေးသဖြင့် ဂရုစိုက်ကြပါလို့ မှာချင်မိ၏။
(Photos created & edited by Canva)