မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ ဝမ်းနည်း စိတ်ပျက် အားငယ်ခြင်းတွေကို ခံစားရ၏။ စိတ်ဓါတ်လည်း ကျကောင်းကျနိုင်၏။ စိတ်ဓါတ် မာကျော ကြံ့ခိုင်သူဆိုရင်တော့ ထို အခြေအနေကို ကျော်လွှားနိုင်ပေလိမ့်မည်။ သို့ပေမယ့် အပြောလွယ်သလောက် လုပ်ရတာက ခက်လှ၏။ ထိုအဖြစ်ကို တပါးသူ တွေ့ကြုံရလျှင် နှစ်သိမ့်ပေးနိုင်ကောင်း ပေးနိုင်ပေမယ့် ကိုယ်တိုင်ကြုံလျှင်တော့ အနည်းနှင့် အများ ပြိုလဲကြမည် ထင်ပါ၏။
ကျနော့် ဘဝမှာ ကိုယ့်ကို ပြန်လည်တည်ဆောက်ယူရသည့် ကာလ တခု ရှိခဲ့ဖူး၏။ တက္ကသိုလ် ပထမနှစ် ကျတုန်းက ဖြစ်၏။ ဘဝမှာ အတန်းပညာနှင့် ပတ်သက်ပြီး ကနဦးကျရှုံးဖူးခြင်း ဖြစ်၏။ ခုပြန်ပြောရင် ခုပြန်မှတ်မိတယ်ဟု ဆိုရလောက်အောင် ထိုအချိန်တုန်းက အကြောင်းအရာတွေကို စိတ်ထဲမှာ စွဲထင် ကျန်ရစ်လို့ နေ၏။
အရှုံးထဲက အမြတ်ကတော့ ရှုမြင်ပုံ ပြောင်းသွားခဲ့၏။ ပိုကောင်းလာတာတွေလည်း ရှိသလို ပိုပြီး ဆိုးသွားတာတွေလည်း ရှိ၏။ အသက်အားဖြင့်ကလည်းငယ်၊ အခက်အခဲတွေ ဆိုးရွားမှုတွေလည်း သိပ်ပြီး မတွေ့ကြုံရသေးချိန်ဆိုတော့ အလဲအကွဲကို ခံစားခဲ့ရ၏။ ဒီလိုနဲ့ ဖြတ်သန်းလာရင်း တတိယနှစ်မှာ ပြင်ပဖြေတွေ ဘာတွေအထိ ဖြစ်ပြီးနောက်မှာတော့ နောက်ထပ်တကြိမ် ပြိုလဲပြန်လေ၏။ ဒီတချိန်မှာတော့ recovery မြန်ခဲ့၏။ မြန်မြန်ပဲ boost လုပ်နိုင်ခဲ့၏။
ထိုသို့ တွေ့ကြုံခဲ့တော့ နောက်ပိုင်း တခုခုဆို အရေထူလာခဲ့၏။ ဖတ်မှတ်ထားသည့် စာတွေနဲ့ ဆက်စပ်တွေးတောကာ လက်ခံသင့်တာကို လက်ခံ၊ ပြင်ဆင်သင့်တာကို ပြင်ဆင်ရင်း အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့၏။ အရာရာတိုင်းမှာတော့ ကျနော်တို့ မျှော်လင့်ထားသလို ဖြစ်မလာ နိုင်ပေ။
ဒီလောက် စကားချီးလာရင် ကျနော့် မိတ်ဆွေများ တခုတော့ သတိထားမိသွားပြီ ထင်ပါ၏။ တခြား မဟုတ် မနေ့က ကျနော်တို့ အသင်း ဝင်ပြိုင်သည့် ပြိုင်ပွဲ တခုမှာ အုပ်စု အဖွင့်ပွဲ ရှုံးခဲ့၏။ ရှုံးပေမယ့် ချီးကျူး ခံရ၊ မျက်နှာပန်းတော့ လှခဲ့ပါ၏။ ၄-၁ ဂိုးဖြင့် ရှုံး၏။ အရိုးသားဆုံး ပြောရရင်တော့ တဖက်အသင်းက ကျနော်တို့ထက် ကောင်း၏။ ကန်တော့ဗျာ ကျနော်သာ အိမ်ထောင် ခပ်စောစောကျလို့ ကလေးမွေးက ကျနော့်သားလောက် အရွယ်လေးတွေ ဖြစ်၏။ ၁၇၊ ၁၈ နှစ် ပတ်ခြာလည်လေးတွေပေါ့။
အဲ့အရွယ်လေးတွေဆိုတော့ ဘာပြောကောင်းမလဲ လှစ်ခနဲ၊ လှစ်ခနဲ ကိုယ်တွေကို ကျော်ဖြတ် ဂိုးတွေ သွင်းပြ သွားခဲ့၏။ ကိုယ်တွေက စိတ်သာရှိ၏ လူက မလိုက်နိုင်တော့ပေ။ ရသလောက်တော့ ကြိုးစားခဲ့ကြပါ၏။ ထို့ကြောင့်လည်း ဒိုင်တွေကော၊ ပရိတ်သတ်တွေကပါ ကိုယ်တွေကို ချီးကျူးကြ၏။ အရှုံးထဲက အမြတ်ပေါ့လေ။
၃ သင်း တအုပ်စုမို့ ၂ သင်း နောက်တဆင့် တက်မည် ဖြစ်၏။ နက်ဖြန်ပွဲကို နိုင်အောင် ကစားပါက အုပ်စု တက်ရေး မျှော်လင့် နိုင်ပါသေး၏။ ရေကုန်ရေခမ်း ကြိုးစားကြရုံပေါ့။ လုပ်နိုင်သလောက် အကောင်းဆုံး လုပ်ပါဦးမည်။